Thursday - August 29 - 2019

သဘာဝဘေးအန္တရာယ်နှင့် ချဉ်းကပ်မှုအသစ်

မုန်တိုင်းဒီရေ၏ကြောက်စရာကောင်းပုံကို၂၀၀၈နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတွင်ကျွနု်ပ်တို့မျက်ဝါးထင်ထင်တွေ့ခဲ့ရသလိုမြေပြိုမှု၏ဖျက်အားပြင်းပုံကိုလည်းမလတ်တောင်မြေပြိုမှုတွင်ကျွနု်ပ်တို့ကောင်းကောင်းသိလိုက်ရပြီဖြစ်သည်။
ကမ္ဘာပေါ်တွင်ရာသီဥတုပြောင်းလဲမှုကြောင့်သဘာဝဘေးအန္တရာယ်အခံရဆုံးထိပ်ဆုံးသုံးနိုင်ငံစာရင်းဝင်မြန်မာနိုင်ငံအတွက်ယနေ့အချိန်ထိသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍သင်ခန်းစာယူပြီးအကောင်းဆုံးမပြင်ဆင်နိုင်သေးခြင်းမှာလည်းကြီးမားသည့်အားနည်းချက်ဖြစ်၏။အနည်းဆုံးပြည်သူ၇၀ဦးသေဆုံးစေခဲ့ပြီးနေအိမ်၊ဘုန်းကြီးကျောင်း၊ဈေးဆိုင်နှင့်ကားများကိုစက္ကန့်ပိုင်းအတွင်းဖျက်ဆီးခဲ့သောသဲဖြူကုန်းကျေးရွာမှမလတ်တောင်မြေပြိုမှုမှာယခုနှစ်ပိုင်းအတွင်းအဆိုးရွားဆုံးမြေပြိုမှုဖြစ်သည်။
သို့သော်မြန်မာ့သမိုင်းတွင်အဆိုးဆုံးဟုမဆိုနိုင်ပေ။အကြောင်းမှာ၁၉၉၀ခုနှစ်တွင်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ရှိကျေးရွာတစ်ရွာမိုးရာသီ၌မြေပြို၍ရွာလုံးကျွတ်ပျောက်ဆုံးခဲ့ဖူးကြောင်းဒေသခံအချို့နှင့်ဘူမိဗေဒပညာရှင်များကပြောသည်။ထို့အပြင်၁၉၉၈ခုနှစ်တွင်မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ကျိုက်ထီးရိုးစေတီအနီးရှိကျေးရွာတစ်ရွာမှာလည်းမြေပြို၍ရွာလုံးကျွတ်ပါသွားကြောင်းဘူမိဗေဒပညာရှင်များကပြောသည်။သဘာဝဘေးဖြစ်ပွားရသည့်အကြောင်းရင်းကိုဆန်းစစ်လေ့လာပြီးအနာဂတ်တွင်အဖြစ်ဆိုးထပ်မံမကြုံစေရန်သင်ခန်းစာယူရမည်ဖြစ်သော်လည်းထိုစဉ်ကအုပ်ချုပ်ခဲ့သောစစ်အစိုးရကသတင်းအမှောင်ချကာဖုံးအုပ်ခဲ့လေသည်။၂၀၀၈တွင်လူပေါင်းတစ်သိန်းကျော်သေဆုံးစေခဲ့သောနာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်းတွင်မြန်မာအစိုးရနှင့်ပြည်သူများမှာအထူးသဖြင့်မုန်တိုင်းသဘာဝဘေးအန္တရာယ်များအပေါ်ပိုမိုသတိနှင့်အသိရှိလာသည်။နိုင်ငံတစ်ဝန်းရေဘေးကိုအဆိုးရွားဆုံးခံခဲ့ရသည့်၂၀၁၅ရေဘေးအလွန်တွင်မြန်မာနိုင်ငံမှာရေဘေးကိုနှစ်စဉ်ရင်ဆိုင်နေရသည်။မိုးခေါင်ခြင်း၊မိုးသီးကြွေခြင်း၊မိုးကြိုးပစ်ခြင်း၊မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်းစသောအစွန်းရောက်ပြီးပြင်းထန်သောရာသီဥတုဒဏ်ကိုတစ်ခုမဟုတ်တစ်ခုရင်ဆိုင်နေရလေသည်။၁၉၉၇ခုနှစ်မှ၂၀၁၆ခုနှစ်အထိသဘာဝဘေးအန္တရာယ်အခံရဆုံးနိုင်ငံစာရင်းတွင်မြန်မာနိုင်ငံကတတိယလိုက်သည်။ဟွန်ဒူးရပ်စ်နှင့်ဟေတီနှစ်နိုင်ငံသာမြန်မာနိုင်ငံထက်ပိုဆိုးရွားလေသည်။
ထို့ကြောင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများယခုထက်ပိုမိုထိရောက်အောင်လုပ်ကိုင်ရန်လိုအပ်နေသည်။၂၀၁၅နောက်ပိုင်းနှစ်စဉ်ရေဘေးနှင့်သဘာဝဘေးအန္တရာယ်များခံရသည့်အခါဖြစ်ပြီးမှသာအရေးပေါ်ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုနောက်မှလိုက်လုပ်နေရသည်။ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုယခင်အစိုးရများထက်လက်ရှိအစိုးရလက်ထက်တွင်ပိုမိုအားစိုက်ကြိုးပမ်းနေသော်လည်းအားနည်းချက်များစွာရှိနေဆဲဖြစ်၏။ထို့အပြင်၂၀၁၅ရေဘေးတွင်အဆိုးရွားဆုံးခံစားခဲ့ရသောဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများမပြီးစီးသေးခင်အခြားဒေသတွင်သဘာဝဘေးထပ်မံကြုံ၍အကူအညီများကထိုနေရာသို့ရွှေ့ပြောင်းသွားပြန်သည်။ဤသို့ဖြင့်အရေးပေါ်နှင့်ပြန်လည်ထူထောင်ရေးအတွက်အစိုးရနှင့်ပုဂ္ဂလိကမှကူညီမှုများမှာလည်းဟိုဒေသသွားလိုက်ရ၊ဒီဒေသသွားလိုက်ရဖြင့်အလျင်မမီအောင်ပင်ဖြစ်နေတော့သည်။
ဆင်းရဲသောနိုင်ငံမှာသဘာဝဘေးအန္တရာယ်ကြောင့်ပို၍ကျပ်တည်းခက်ခဲလာသည်။နိုင်ငံဆင်းရဲ၍သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်ငွေများစွာမသုံးနိုင်၊ကြိုတင်ကာကွယ်ရေးအကောင်းဆုံးမလုပ်နိုင်၍ဘေးဒဏ်ပိုခံစားရပြီးပျက်စီးဆုံးရှုံးမှုပိုများစေကာနိုင်ငံနှင့်ပြည်သူများကိုပိုဆင်းရဲစေပြန်သည်။ဤသို့ဖြင့်လုံးချာလည်လိုက်နေသောပြဿနာကိုဖြေရှင်းရန်မဟာဗျူဟာအသစ်၊ချဉ်းကပ်မှုအသစ်လိုနေပြီဖြစ်၏။
မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ကနိုင်ငံ၏ဘယ်ဒေသတွင်ဘယ်လိုဘေးအန္တရာယ်ရှိပြီးဘယ်ဒေသတွင်အန္တရာယ်များကာဘယ်ဒေသတွင်အန္တရာယ်နည်းသည်ဆိုသောဘေးအန္တရာယ်ပြမြေပုံ(HazardMap)ရှိရန်လိုကြောင်းအကြံပြုသည်။ထိုမြေပုံကိုပြည်သူများသိပါက၎င်းတို့ဒေသတွင်မည်ကဲ့သို့သောဘေးအန္တရာယ်ကြုံနိုင်သည်ကိုသိရှိပြီးဆောင်ရန်၊ရှောင်ရန်ကိုသိပါကလက်တွေ့ကြုံလာသောအခါလူသေဆုံးမှုလျော့နည်းပြီးပျက်စီးဆုံးရှုံးမှုလျော့ကျစေနိုင်မည်ဖြစ်၏။မြန်မာနိုင်ငံမြေငလျင်ကော်မတီအနေဖြင့်လည်းနိုင်ငံတစ်ဝန်းမြေငလျင်နှင့်ပတ်သက်၍လေ့လာခဲ့သော်လည်းမြေပြိုမှုများနှင့်ပတ်သက်၍လုံလောက်အောင်မလေ့လာနိုင်သေးကြောင်းမြေငလျင်ပညာရှင်ဦးစိုးသူရထွန်းကပြောသည်။ဘေးအန္တရာယ်ပြမြေပုံရေးဆွဲရန်နှင့်မြေပြိုမှုအလားအလာများလေ့လာနိုင်ရန်မှာငွေကြေးများစွာကုန်ကျမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်နှင့်အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့ကနိုင်ငံဂျီဒီပီ၏၂-၃ရာခိုင်နှုန်းကိုသဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်အသုံးပြုသင့်ကြောင်းအကြံပြုဖူးသည်။ထို့ကြောင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်ငွေကြေးပိုမိုသုံးစွဲရေးလက်မတွန့်ရန်လိုသလိုသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်အစည်းအဝေးထိုင်ခြင်းထက်လက်တွေ့မြေပြင်တွင်ပိုမိုထိရောက်အစွမ်းထက်သောယန္တရားဖြစ်လာရန်သက်ဆိုင်ရာပညာရှင်များထံမှအကြံဉာဏ်များရယူကာမဟာဗျူဟာကောင်းတစ်ရပ်ရှိရန်လိုနေပြီဖြစ်သည်။ထိုမဟာဗျူဟာကိုထိရောက်စွာအကောင်အထည်ဖော်နိုင်သောယန္တရားတစ်ရပ်တည်ဆောက်ရတော့မည့်အချိန်လည်းဖြစ်လေသည်။