Tuesday - October 01 - 2019

အားလပ်ရက်မှာဖတ်စရာ

ပြီးခဲ့တဲ့ဩဂုတ်၂၅ရက်နေ့ဟာအာဆာအကြမ်းဖက်တိုက်ခိုက်မှုတစ်နှစ်တိတိပြည့်တဲ့နေ့ဖြစ်ပါတယ်။၂၀၁၇ဩဂုတ်၂၅ရက်ညကရခိုင်ပြည်နယ်မောင်တောဒေသမှာအာဆာအကြမ်းဖက်အဖွဲ့ကကြိုတင်စီမံပြီးနယ်ခြားစောင့်ရဲစခန်း၃၀ကိုတစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ပါတယ်။ဒီနောက်ပိုင်းဖြစ်ပေါ်လာတဲ့ရှုပ်ထွေးမှုတွေကနေမြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့ဖိအားပေးမှုကြီးမားခဲ့ပါတယ်။အဲဒီဖိအားတွေကိုယနေ့ထိတိုင်အစိုးရသာမကပြည်သူတွေပါကြံ့ကြံ့ခံရင်ဆိုင်နေရတာအများအသိပါ။ဒါကြောင့်ရခိုင်အရေးနဲ့ဆက်စပ်ပြီးရခိုင်ပြည်နယ်အကြောင်း၊ရခိုင်လူမျိုးရဲ့အကြောင်းနဲ့နှစ်ကာလရာထောင်ချီရှိလာပြီဖြစ်တဲ့ရခိုင်ယဉ်ကျေးမှုအကြောင်းတိုင်းရင်းသားပြည်သူတွေအလွယ်တကူလေ့လာသိရှိနိုင်ဖို့အငြိမ်းစားသမိုင်းပါမောက္ခဦးမြင့်စောရဲ့ရခိုင်လူမျိုးတို့ရဲ့ဘဝပုံရိပ်များစာအုပ်ကိုဒီတစ်ပတ်အားလပ်ရက်မှာဖတ်စရာအဖြစ်သတင်းစကားပါးလိုက်ပါတယ်။





ယခုစာအုပ်မှာရခိုင်ပြည်ရဲ့ တည်နေရာ၊မြေမျက်နှာသွင်ပြင်နဲ့ရာသီဥတု၊ရခိုင်လူမျိုးပေါ်ပေါက်လာပုံ၊ခေတ်အလိုက်တည်ရှိခဲ့တဲ့ဓညဝတီ၊ဝေသာလီ၊လေးမြို့၊မြောက်ဦးမင်းဆက်တွေအကြောင်း၊မြောက်ဦးဘုရင်စနစ်နဲ့မြောက်ဦးမင်းဆက်ကျဆုံးခြင်း၊ရခိုင်ယဉ်ကျေးမှုအမွေအနှစ်ဗိသုကာလက်ရာတွေဖြစ်တဲ့မြောက်ဦးနန်းတော်ကုန်း၊လေးမျက်နှာပုထိုးတော်ကြီး၊သျှစ်သောင်း၊ကိုးသောင်း၊အံတော်သိမ်အစရှိတဲ့ပုထိုးတော်တွေအကြောင်း၊အာနန္ဒစန္ဒြကျောက်စာ၊ရခိုင်ဒင်္ဂါးများ၊ရခိုင်ပြက္ခဒိန်၊ရခိုင်စာဆိုရှင်များ၊ရခိုင်ရိုးရာပွဲတော်များနဲ့ဓလေ့ထုံးတမ်းအစဉ်အလာတွေကိုရှားပါးဓာတ်ပုံတွေနဲ့အတူဖတ်ရပါမယ်။


ဒါ့အပြင်ထင်ရှားတဲ့ရခိုင်ရဟန်းတော်တွေသာမကထူးချွန်တဲ့လူပုဂ္ဂိုလ်တွေအကြောင်းပါထည့်သွင်းရေးထားတာကြောင့်အတော်လေးစုံစုံလင်လင်သိရပါမယ်။ရခိုင်ဒေသကိုမူဆလင်တွေစတင်ရောက်ရှိလာပုံနဲ့ပတ်သက်လု့ိ‘အေဒီ၁၄၃၀တွင်မင်းစောမွန်သည်ဂေါရ်ဘုရင်၏စစ်တပ်အကူအညီဖြင့်လောင်းကြက်မြို့ကိုလာရောက်တိုက်ခိုက်ရာအင်းဝတပ်များဆုတ်ခွာသွားရသဖြင့်မင်းစောမွန်သည်လောင်းကြက်ထီးနန်းကိုပြန်လည်ရရှိခဲ့သည်။မင်းစောမွန်နှင့်အတူပါလာသောအချို့သောမဟာမေဒင်ဘာသာဝင်မူဆလင်ကုလားစစ်သည်တော်တို့သည်မြောက်ဦးမြို့တော်၌နေထိုင်ခွင့်ရရှိခဲ့ကြလေသည်။အဆိုပါမူဆလင်ကုလားစစ်သည်တော်တို့သည်မြောက်ဦးမြို့တော်၌‘ဆန်ဒီခန်ဗလီ’တည်ဆောက်ခဲ့ကြသည်။ဤကားမူဆလင်ကုလားလူမျိုးများရခိုင်ပြည်သို့ပထမဦးဆုံးအကြိမ်ရောက်ရှိလာကြခြင်းဖြစ်သည်။


အေဒီ၁၅၃၂တွင်ရခိုင်ဘုရင်မင်းဗာကြီးသည်အနောက်ဘင်္ဂါ၁၂မြို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့သည်။ရခိုင်သို့မပြန်မီအိန္ဒိယမဟာဗောဓိတွင်ကုသိုလ်ကောင်းမှုပြုကာကျောက်စာမော်ကွန်းရေးထိုးခဲ့သည်။အပြန်တွင်ဝေသာလီကျောက်လှေကားခေတ်၊သိင်္ဂစန္ဒြားမင်းလက်ထက်ကသောင်းတီးနယ်၌လှူဒါန်းထားရှိခဲ့သောဆားချက်ကုလား၄,၀၀၀ကိုသိမ်းယူလာခဲ့သည်။ယင်းကုလား၄,၀၀၀ကိုသံတွဲမြို့ရှိဆံတော်၊အံတော်၊နံတော်ဘုရားသုံးဆူတွင်ရွှေကရားနှင့်ရေစက်သွန်းချကာကျောက်စာမော်ကွန်းရေးထိုး၍လှူဒါန်းခဲ့သည်။ဤသည်မှာမူဆလင်ကုလားလူမျိုးများရခိုင်ပြည်သို့ဒုတိယအကြိမ်ရောက်ရှိလာကြခြင်းဖြစ်သည်’လို့ရေးထားပါတယ်။


ဘိုးတော်ဘုရားလက်ထက်ရခိုင်ပြည်ကိုသွားရောက်တိုက်ခိုက်ပြီးမဟာမုနိရုပ်ရှင်တော်မြတ်ကြီးသယ်ယူလာတဲ့အကြောင်းကို


‘အိမ်ရှေ့မင်းမောင်ပေါ်သည်ရခိုင်ကိုအလုံးစုံသိမ်းပိုက်ပြီးနောက်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကိုပင့်ဆောင်ရန်ဗိုလ်မင်းသီရိကျော်ထင်ကိုစေလွှတ်လိုက်၏။စေတော်မူသည့်အတိုင်းသွား၍ရွှေ၊ငွေ၊ဆန်ပန်း၊ပေါက်ပေါက်တို့ဖြင့်ရှိခိုးပူဇော်ပြီးပင့်တော်မူသည်။


ထိုအခါမဟာမြတ်မုနိရုပ်ရှင်တော်မြတ်သည်ပုဗ္ဗနိမိတ်ကိုပြ၍ကိုယ်တော်မှချွေးများယိုစီးကျလေ၏။ဗိုလ်မင်းသီရိကျော်ကလုံးပတ်သုံးထွာရှိသောရွှေဖလားနှင့်ခံလေရာဖလားအပြည့်ရ၏။ထိုအကြောင်းကိုအိမ်ရှေ့မင်းထံလျှောက်လျှင်အံ့ဩပြီးအလွန်ကြောက်ရွံ့သွား၏။


ကုလားသွေးသောက်တို့သည်ဘုရားကြီးကိုတမုတ်ကြိုးဖြင့်ပတ်လျက်စက်ဖြင့်လှည့်၍ကြွချီစေရာပလ္လင်တော်မှတစ်ဆံခြည်မျှမရွေ့ဘဲနေတော်မူ၏။ညဉ့်အချိန်တွင်မဟာမုနိဘုရားမှရောင်ခြည်တော်ခြောက်ပါးလွှတ်၍နေမင်းအရောင်ကဲ့သို့ထိန်ထိန်လင်းလေ၏။အရပ်လေးမျက်နှာ၌ပဉ္စင်တူရိယာစည်စောင်းသံကဲ့သို့ကြားရ၏။


မိုးသောက်လျှင်ကုလားမျိုးသွေးသောက်တို့စက်လှည့်၍စွဲလျှင်အရှင်ရွရွကြွသကဲ့သို့ကြွတော်မူ၏။


၁၁၄၆ခု၊တပို့တွဲလဆန်း၁၃ရက်နေ့တွင်ဈေးချောင်းမှဖောင်တော်၌တင်ကာတောင်ကုတ်မြို့သို့ပင့်ဆောင်ခဲ့ကြသည်။


မဟာမြတ်မုနိရုပ်ရှင်တော်မြတ်နှင့်တကွမင်း၊မိဖုရားနှင့်အလုပ်အကျွေးများ၊ပိဋကတ်စောင်ရေ၆၄ကျမ်း၊ယိုးဒယားဘုရင်ဗြသာဇိပတိရာဇာအရုပ်၊အတောင်နှစ်ဆယ်ရှိသောပြောင်းလက်နက်များ၊ဆေးကျမ်း၊ဗေဒင်ကျမ်းအစရှိသောကျမ်းပေါင်းများစွာ၊ရဟန်းပညာရှိ၊လူပညာရှိ၊ဗေဒင်ဟူးရာတတ်များ၊ကြေးသွန်းအတတ်ပညာရှင်များ၊ရွှေငွေ၊ဆင်၊မြင်းနှင့်ဖမ်းဆီးရမိသောလူပေါင်းနှစ်သိန်းကျော်တို့ကိုယူဆောင်သွားခဲ့သည်။


မြင့်မားမတ်စောက်သည့်ရခိုင်ရိုးမကိုခက်ခဲပင်ပန်းစွာဖြင့်ပင့်ဆောင်ယူခဲ့သည်မှာလေးလခန့်ပင်ကြာခဲ့သည်’လို့ဖတ်ရပါမယ်။ယခုစာအုပ်ကိုဓူဝံစာပေကတန်ဖိုး၃,၀၀၀ကျပ်နဲ့ဖြန့်ချိထားပါတယ်။