Tuesday - November 19 - 2019

ဗီယက်နမ်ကြက်ဥကော်ဖီလေးလုပ်သောက်ရအောင်

ကော်ဖီကြိုက်တဲ့ကော်ဖီချစ်သူတွေအတွက် ထူးထူးခြားခြားအရသာလေးလည်းမြည်းစမ်းလို့ရအောင်။ အိမ်မှာကိုယ်တိုင်လုပ်သောက်လို့လည်းအဆင်ပြေတဲ့ ဗီယက်နမ်ကြက်ဥကော်ဖီလုပ်နည်းလေးဝေမျှလိုက်ပါတယ်။
- အရင်ဆုံး ဗီယက်နမ်ကော်ဖီဖြစ်လို့ ကော်ဖီမှုန့်နဲ့ကော်ဖီနှပ်တဲ့ခွက်လေးရှိဖို့လိုပါတယ်။ ရန်ကုန်က ဗီယက်နမ်ကော်ဖီဆိုင်မှာလည်း ဝယ်ယူနိုင်ပါတယ်။
- ဒီလေးတွေပြည့်စုံပြီဆိုရင်တော့ လုပ်နည်းလေးပြောပါမယ်။
- ကော်ဖီနှပ်တဲ့ခွက်ထဲကို ကော်ဖီမှုန့်(၃)ဇွန်းထည့်ပေးပါ။ ပြီးရင် ကော်ဖီမှုန့်တွေတစ်ပြေးညီဖြစ်သွားအောင် အဖုံးလေးနဲ့ ညှိပေးပါ။
- ကော်ဖီအရသာပိုကောင်းစေဖို့ ရေနွေးဆူဆူကို မဆိုသလောက်လေးထည့်ပြီး စက္ကန့်ပိုင်းလောက်ထားပါ။ ပြီးမှ ကော်ဖီနှပ်ခွက်ရဲ့ သုံးပုံနှစ်ပုံလောက်ထည့်အထိ ရေနွေးထည့်ပြီး နှပ်ထားပေးပါ။
- ကော်ဖီနှပ်ထားတုန်း ကြက်ဥလတ်လတ်ဆက်ဆက်(၂)လုံးကို အနှစ်ပဲယူပါ။ ပြီးရင် နို့ဆီ(၂)ဇွန်းထည့်ပေးပြီး အနှစ်ရတဲ့အထိမွှေပေးပါ။
- အနှစ်ရလာပြီဆိုရင် နှပ်ထားတဲ့ ကော်ဖီထဲကို ဖြည်းဖြည်းချင်းလောင်းထည့်ပေးပါ။ ခပ်ခါးခါးလေးကြိုက်တယ်ဆိုရင်တော့ ဒီအတိုင်းသုံးဆောင်နိုင်ပါတယ်။
- ခပ်ဆိမ့်ဆိမ့်အရသာလေးကို ခံစားချင်တယ်ဆိုရင်တော့ နို့စိမ်းလေးထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။