0 - 0

Wednesday - July 03 - 2019

ကိုပါအမေရိကဖလား သုံးကြိမ်ဆက်ချန်ပီယံဖြစ်လိုဟု ချီလီကွင်းလယ်လူ ဗီဒယ်ပြောကြား

ကိုပါအမေရိကဖလားပြိုင်ပွဲတွင်သုံးကြိမ်ဆက်ချန်ပီယံဖြစ်လိုကြောင်းချီလီအဓိကကွင်းလယ်လူအာတူရိုဗီဒယ်ကပီရူးနှင့်အကြိုဗိုလ်လုပွဲမကစားမီပြောကြားသည်။
ချီလီသည်ကိုပါဗိုလ်လုပွဲနောက်ဆုံးနှစ်ကြိမ်တွင်အာဂျင်တီးနားကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရဗိုလ်စွဲခဲ့သည်။ချီလီအသင်းသည်ပင်နယ်တီကန်သွင်းရာတွင်ကံကောင်းမှုဆက်လက်ရနေပြီးယခုကွာတားဖိုင်နယ်၌ကိုလံဘီယာကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရခဲ့သည်။
၎င်းတို့၏ရည်မှန်းချက်သည်ကိုပါအမေရိကဖလားသုံးကြိမ်ဆက်ဗိုလ်စွဲရေးဖြစ်ကြောင်းဗီဒယ်(၃၂)နှစ်ကပြောသည်။
‘‘ကိုပါအမေရိကဖလားသုံးကြိမ်ဆက်ချန်ပီယံအဖြစ်ကျွန်တော်တို့သမိုင်းထားခဲ့ချင်ပါတယ်။ဒါကြောင့်ပီရူးနဲ့ပွဲမှာအကောင်းဆုံးကစားချင်တာပါ။ဗိုလ်လုပွဲရောက်ခဲ့ရင်ကျွန်တော်တို့သမိုင်းဝင်မှာပါ။ဆုဖလားဆွတ်ခူးရေးကကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါ’’ဟုဗီဒယ်ကပြောသည်။ ကိုပါအမေရိကဖလားသမိုင်းတွင်အာဂျင်တီးနားအသင်းသာသုံးကြိမ်ဆက်ချန်ပီယံဖြစ်ခဲ့ပြီး၁၉၄၅၊၄၆နှင့်၄၇တွင်ဖလားရရှိခဲ့သည်။
ချီလီနှင့်ပီရူးပွဲကိုကြာသပတေးနေ့ မြန်မာစံတော်ချိန်နံနက်၇နာရီတွင်ကစားမည်ဖြစ်သည်။
ထိုအတောအတွင်းအမျိုးသမီးကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲအဖြစ်ဆွီဒင်နှင့်ယနေ့ညရင်ဆိုင်မည့်ပွဲတွင်တိုက်စစ်မှူးလီကင်မာတင်ကစားနိုင်မည်ဟုမျှော်လင့်ကြောင်းနယ်သာလန် နည်းပြဆာရီနာကပြောသည်။
၂၀၁၇ဖီဖာအကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုရမာတင်(၂၆)နှစ်သည်အီတလီ၊ဂျပန်တို့နှင့်ပွဲများ၌ခြေချောင်းဒဏ်ရာဖြင့်ကစားခဲ့သည်။
‘‘ဆွီဒင်နဲ့ပွဲမှာသူကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။သူဟာအလွန်ကောင်းတဲ့ကစားသမားဆိုတာလူတိုင်းသိပါတယ်။ဒါပေမဲ့ကျွန်မတို့အသင်းကပိုတောင့်တင်းလာပြီးပွဲအဖြေပြောင်းလဲပေးနိုင်တဲ့ကစားသမားတွေအများကြီးပါ’’ဟုဆာရီနာကပြောသည်။
Ref:soccer.nbcsports.com/livescore.com