0 - 0

Wednesday - July 03 - 2019

ဘီနင် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာဗိုလ်စွဲ

ဘီနင်နိုင်ငံတွင်ကျင်းပသည့်နိုင်ငံတကာစီးရီးကြက်တောင်ပြိုင်ပွဲဗိုလ်လုပွဲ၌ မြန်မာ့လက်ရွေးစင်ကြက်တောင်မယ်သက်ထားသူဇာကပီရူးကစားသမားဒန်နီလာကိုအကြိတ်အနယ်ယှဉ်ပြိုင်ပြီး၂-၁ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
သက်ထားသူဇာသည်ယင်းပြိုင်ပွဲရှုံးထွက်ပထမအဆင့်တွင် အိမ်ရှင် ဘီနင်ကစားသမားကို နှစ်ပွဲပြတ်၊ကွာတားဖိုင်နယ်တွင်လည်းနိုင်ဂျီးရီးယားကစားသမားကိုနှစ်ပွဲပြတ်ဖြင့်အနိုင်ရကာအကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။မြန်မာကြက်တောင်မယ်သည်အကြိုဗိုလ်လုပွဲတွင်အီဂျစ်ကစားသမားကိုနှစ်ပွဲပြတ်ဖြင့်အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည်။
ဇွန်လ၃၀ရက်ကကျင်းပသည့်အဆိုပါနိုင်ငံတကာစီးရီးကြက်တောင်ပြိုင်ပွဲဗိုလ်လုပွဲတွင်သက်ထားသူဇာကပြိုင်ဘက်ပီရူးကစားသမားကိုရမှတ်၁၇-၂၁၊၂၁-၁၈၊၂၁-၁၄ဖြင့်အနိုင်ရကာချန်ပီယံဆုဆွတ်ခူးခဲ့သည်။
အာဖရိကကြက်တောင်အဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့်ဘီနင်နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှကစားသမား၅၀ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
သက်ထားသူဇာဝင်ပြိုင်သည့်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင်အိမ်ရှင်ဘီနင်၊ပီရူး၊မောရစ်သျှ၊အိန္ဒိယ၊နိုင်ဂျီးရီးယား၊ဖိလစ်ပိုင်နှင့်အီဂျစ်နိုင်ငံတို့မှကစားသမားများပါဝင်သည်။
အသက်(၂၀)အရွယ်သက်ထားသူဇာသည်ယခုပြိုင်ပွဲမတိုင်မီကအီဂျစ်၊ယူဂန်ဒါ၊မောရစ်သျှနှင့်ကင်ညာနိုင်ငံတကာကြက်တောင်ပြိုင်ပွဲလေးခု၌ရွှေတံဆိပ် လေးခုဆွတ်ခူးထားပြီးယခုပြိုင်ပွဲသည်၎င်းအတွက်ပဉ္စမမြောက် ရွှေတံဆိပ်ဖြစ်သည်။
သက်ထားသူဇာသည်ဇူလိုင် ၄ရက်မှ၇ရက်အထိကျင်းပမည့်အိုင်ဗရီကို့စ်နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင်ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။