0 - 0

Monday - July 08 - 2019

ဘောလုံးပွဲများ အလွန်အကျွံ ပြသခြင်းကို Adidas အကြီးအကဲ သတိပေး

ဘောလုံးပွဲများအလွန်အကျွံပြသခြင်းသည်အကောင်းလွန်ခြင်းဖြစ်နိုင်သည်ဟုဂျာမနီအားကစားဝတ်စုံနှင့်အားကစားပစ္စည်းကုမ္ပဏီကြီးAdidasအကြီးအကဲကသတိပေးပြောကြားသည်။
ဘောလုံးကိုအလွန်အကျွံဦးစားပေးခြင်းဖြင့်အားကစားကလပ်များနှင့်အစည်းအရုံးများသည်ပရိသတ်များနှင့်ကင်းလွတ်နိုင်သည်ဟုကက်စပါရော့စကက်ဒ်ကပြောကြားကာရုပ်သံလိုင်းများအနေဖြင့်လည်းဒုတိယတန်း၊တတိယတန်းဘောလုံးပွဲများပြသမည့်အစားအခြားအားကစားများပြသရန်၎င်းကတိုက်တွန်းသည်။
ဘောလုံးပွဲများအလွန်အမင်းကြည့်ရှုသဖြင့်ပရိသတ်များငြီးငွေ့လာနိုင်ပြီးမိမိကိုယ်တိုင်ဘောလုံးသရဲဖြစ်သော်လည်းဥရောပနေရှင်းလိဂ်ပြိုင်ပွဲကိုမကြည့်ဘဲလက်လွှတ်ခဲ့သည်ဟုAdidasအမှုဆောင်အရာရှိချုပ်ရော့စကက်ဒ်ကပြောသည်။
အန္တာတိကအပါအဝင်ကမ္ဘာ့တိုက်ကြီးအားလုံးတွင်ကစားသောဘောလုံးအားကစားနည်းသည်လူကြိုက်အများဆုံးနှင့်ဝင်ငွေအကောင်းဆုံးဖြစ်သည်။ယင်းနှင့်အတူစပွန်ဆာနှင့်ရုပ်သံဝင်ငွေများပိုမိုဆွဲဆောင်နိုင်ရေးဖီဖာနှင့်ဥရောပဘောလုံးအဖွဲ့ချုပ်တို့ကပြိုင်ပွဲသစ်များဖော်ထုတ်နေသည်။
‘‘ကျွန်တော်ဟာဘောလုံးပရိသတ်တစ်ဦးပါ။ဒါပေမဲ့လည်းအရမ်းရှည်တဲ့ရာသီတစ်ခုဖြတ်သန်းပြီးချိန်မှာအနားယူချင်ပါတယ်။တင်းနစ်နဲ့တခြားအားကစားတွေကိုရုပ်သံမှာပိုပြကြရင်ကောင်းပါလိမ့်မယ်’’ဟုရော့စကက်ဒ်ကပြောသည်။
ရော့စကက်ဒ်၏ပြောကြားမှုသည်ဘောလုံးပရိသတ်အများအပြားနှင့်ထပ်တူကျပြီးဩဇာကြီးသောအားကစားအမှတ်တံဆိပ်၏စီအီးအိုဖြစ်သောကြောင့်၎င်း၏သတိပေးချက်များအလွန်ထိရောက်သည်ဟုရိုက်တာသတင်းဌာနကဖော်ပြသည်။
—Ref:Reuters