0 - 0

Wednesday - July 10 - 2019

ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် ၈၄ ရောက်လာ

အိုင်ဗရီကို့စ်နိုင်ငံတကာစီးရီးကြက်တောင်ပြိုင်ပွဲတွင်ဗိုလ်စွဲခဲ့သည့်မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ်သက်ထားသူဇာသည်ကမ္ဘာ့အဆင့်သတ်မှတ်ချက်၁၇ဆင့်မြင့်တက်လာပြီးကမ္ဘာ့အဆင့်(၈၄)၌ရပ်တည်နေသည်။
ဇူလိုင်ပထမပတ်ကအိုင်ဗရီကို့စ်နိုင်ငံ၌ကျင်းပသည့်နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင်သက်ထားသူဇာသည်မောရစ်သျှ၊ပါကစ္စတန်၊အီရန်နှင့်အိန္ဒိယကစားသမားတို့ကိုကျော်ဖြတ်၍ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ဇူလိုင်၉ရက်ကကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကထုတ်ပြန်သည့်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် သက်ထားသူဇာသည်ယခင်အပတ်ကရပ်တည်ချက်အဆင့်၁၀၁ထက်၁၇ဆင့်မြင့်တက်လာသည်။
သက်ထားသူဇာသည်၂၀၂၀တိုကျိုအိုလံပစ်ကြက်တောင်ပြိုင်ပွဲလက်ရည်စစ်ပွဲဝင်ပြိုင်ခွင့်ရရှိရန်အဆင့်သတ်မှတ်ချက်မြင့်တက်ရေးနိုင်ငံတကာပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်နေသည်။
‘‘လက်ရှိတော့သက်ထားသူဇာကအဆင့်၈၄ဆိုပေမယ့်အိုလံပစ်လက်ရည်စစ်ပွဲဝင်ခွင့်ရ၊မရဆိုတာပြောဖို့စောပါသေးတယ်။၂၀၂၀ဧပြီလောက်မှဝင်ခွင့်ရ၊မရဆိုတာသေချာသိရမှာပါ။အိုလံပစ်တိုက်ရိုက်ဝင်ခွင့်ရဖို့ကတော့အဆင့်၃၁အတွင်းဝင်ဖို့လိုပါတယ်။လက်ရည်စစ်ပွဲကိုတော့အဆင့်ဘယ်လောက်ထိဝင်ခွင့်ပေးမယ်ဆိုတာအိုလံပစ်ကော်မတီကဆုံးဖြတ်မှာပါ။အနည်းဆုံးတော့အဆင့်၆၀၊၇၀ လောက်အတွင်းရောက်နေမှလက်ရည်စစ်ပွဲဝင်ခွင့်ရဖို့သေချာမှာပါ’’ဟုသက်ထားသူဇာ၏ဖခင်ဦးထွန်းထွန်းဇော်ကပြောသည်။
သက်ထားသူဇာသည်၂၀၁၈မှ၂၀၁၉ဇူလိုင်ပထမပတ်အထိနိုင်ငံတကာကြက်တောင်ပြိုင်ပွဲ၁၀ပွဲယှဉ်ပြိုင်ခဲ့ရာ၄၇ပွဲနိုင်၊၁၅ပွဲရှုံးနိမ့်ပြီးစုစုပေါင်း၁၉,၇၁၀မှတ်ရရှိကြောင်းကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ဝက်ဘ်ဆိုက်၌ဖော်ပြသည်။
အသက်(၂၁)အရွယ်သက်ထားသူဇာသည်လက်ရှိတွင်နိုင်ငံတကာကြက်တောင်ပြိုင်ပွဲများ၌ရွှေတံဆိပ်ခြောက်ခုဆွတ်ခူးထားသည်။