0 - 0

Monday - July 15 - 2019

ရွှေခါးပတ်လုပွဲ ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဝိတ်တန်းအလိုက် ချန်ပီယံများ ထွက်ပေါ်

ယခုနှစ်ရွှေခါးပတ်ချန်ပီယံမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲစဉ်များအပြီးတွင်ဝိတ်တန်းအလိုက်ချန်ပီယံများထွက်ပေါ်ခဲ့သည်။
အဆိုပါပြိုင်ပွဲဗိုလ်လုပွဲများကိုဇူလိုင်၁၃ရက်ကမန္တလေးမြို့ဒိုင်းမွန်းပလာဇာငါးလွှာ၌ကျင်းပခဲ့ပြီးဇွန်လနောက်ဆုံးပတ်ကမန္တလေးမြို့တွင်ကျင်းပသည့်အကြိုဗိုလ်လုပွဲစဉ်များ၌အနိုင်ရသည့်ကစားသမား၁၆ဦးကဗိုလ်လုပွဲထိုးသတ်ခဲ့သည်။
ပြိုင်ပွဲတွင် ဝိတ်တန်းရှစ်တန်းဗိုလ်လုပြီး၇၁ကီလိုတန်း၌ရန်နိုင်ထွန်းကရှမ်းကိုကိုပထမအချီတွင်အလဲထိုးဖြင့်အနိုင်ရပြီးချန်ပီယံဖြစ်ခဲ့သည်။
၆၇ကီလိုတန်းတွင်စိန်မျိုးအောင်ကရဲတံခွန်၊၆၃ဒသမ၅ကီလိုတန်းတွင်ထွန်းနိုင်ဦးကသွေးသစ်မောင်ကို အမှတ်ဖြင့်အသီးသီးအနိုင်ရခဲ့ပြီး၆၀ကီလိုတန်းတွင်စောမင်းနိုင်ကနက္ခတ်အောင်ကိုအလဲထိုးဖြင့်အနိုင်ရခဲ့သည်။
အခြားပွဲစဉ်များတွင်၅၇ကီလိုတန်း၌ဗျဂ္ဃကဟိန်းထွန်းအောင်၊၅၁ကီလိုတန်းတွင်သိန်းစိုးကသန့်ဇင်ထူးတို့ကိုအမှတ်ဖြင့်အသီးသီးအနိုင်ရပြီး၅၄ကီလိုတန်းတွင်စောရွှေလေးကအောင်ပိုင်ကိုအနိုင်ရပြီးချန်ပီယံဖြစ်ခဲ့သည်။အမျိုးသမီး၄၉-၅၃ကီလိုတန်းဗိုလ်လုပွဲတွင်ရွှေကိုလေးနှင့်မေသဇင်ထူးတို့သုံးချီအထိအကြိတ်အနယ်ထိုးသတ်ပြီးအမှတ်ပေးစနစ်ဖြင့်ရွှေကိုလေးကချန်ပီယံဖြစ်ခဲ့သည်။
၂၀၁၉ရွှေခါးပတ်ချန်ပီယံလုပွဲမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအပြီးတွင်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးလက်ဝှေ့သမားဆုကိုဗျဂ္ဃကရရှိပြီးအတိုးတက်ဆုံးလက်ဝှေ့ကလပ်ဆုကိုဇွဲကပင်လက်ဝှေ့ကလပ်ကရရှိခဲ့သည်။
ယခုနှစ်ရွှေခါးပတ်ချန်ပီယံလုပွဲမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင်ကရင်၊မွန်ပြည်နယ်၊ရန်ကုန်၊မန္တလေး၊စစ်ကိုင်း၊ဧရာဝတီတိုင်းရှိလက်ဝှေ့ကလပ်၂၆ခုမှအမျိုးသားလက်ဝှေ့သမား၅၆ဦးနှင့်အမျိုးသမီးလက်ဝှေ့သမားလေးဦးစုစုပေါင်း၆၀ဦးပါဝင်ထိုးသတ်ခဲ့သည်။