0 - 0

Thursday - July 25 - 2019

မန်စီးတီးမှ ဆာနေးကိုခေါ်ယူရေး အားလုံးလုပ်ဆောင်နေဟု ဘိုင်ယန်နည်းပြပြောကြား

မန်စီးတီးမှမိမိတို့၏အိပ်မက်ကစားသမားဆာနေးကိုခေါ်ယူနိုင်ရေးလုပ်ဆောင်နိုင်သမျှအားလုံးလုပ်ဆောင်နေသည်ဟုဘိုင်ယန်မြူးနစ်နည်းပြနီကိုကိုဗက်စ်ကပြောသည်။
ဆာနေးသည်၂၀၁၈-၁၉ရာသီကုန်ခါနီးတွင်မန်စီးတီး၌ကစားခွင့်နည်းပါးခဲ့ပြီးယင်းအတွက်၎င်း၏အနာဂတ်နှင့်ပတ်သက်၍မှန်းဆမှုများထွက်ပေါ်စေသည်။
မန်စီးတီး၏ဦးစားပေးစာရင်းတွင်စတာလင်နှင့်ဘာနာဒိုဆေးလ်ဗားတို့နောက်ရောက်ခဲ့သော်လည်းဆာနေး(၂၃)နှစ်သည်ချန်ပီယံဖြစ်ခဲ့သောမန်စီးတီးအတွက်၃၁ပွဲပါဝင်ကစားကာ၁၀ဂိုးသွင်းယူပြီး၁၀ကြိမ်ဂိုးဖန်တီးခဲ့သည်။
ဂျာမန်တောင်ပံကစားသမားသည်မန်စီးတီးတွင်ကစားသောသုံးရာသီ၌ဆုဖလားခြောက်ကြိမ်ရရှိခဲ့ပြီးဥရောပတွင်စိတ်လှုပ်ရှားစရာအကောင်းဆုံးလူငယ်ကစားသမားဖြစ်လာသည်။
ဆာနေးကအိမ်ပြန်လိုပြီးဘိုင်ယန်သို့ရောက်ရှိနိုင်သည်ဟုထင်ကြေးများထွက်ပေါ်ခဲ့သည်။
မန်စီးတီးကဆာနေးကိုဆက်လက်ထိန်းသိမ်းထားလိုသည်ဟုနည်းပြဂွာဒီယိုလာကအခိုင်အမာပြောကြားသော်လည်းဘိုင်ယန်ကဆာနေးအပေါ်ချဉ်းကပ်မှုအသစ်ဖြင့်မန်စီးတီး၏ပိုင်းဖြတ်မှုကိုစမ်းသပ်မည်ဖြစ်သည်။
ဆာနေးကိုခေါ်ယူရေးဘိုင်ယန်ကအပြင်းအထန်ကြိုးစားနေသည်ဟုကိုဗက်စ်ကပြောကြားပြီး‘‘ကျွန်တော်တို့အကြီးအကဲတွေကသူတို့ရှင်းလင်းတဲ့အစီအစဉ်ပြသထားပါတယ်။ကျွန်တော်တို့အာရုံစူးစိုက်ထားပြီးဒီကိုရောက်လာရင်ဘာကိုမျှော်လင့်ထားလဲဆိုတာဆာနေးသိပါတယ်။သူ့လိုအရည်အချင်းမျိုးနဲ့ကစားသမားတစ်ယောက်ကသူ့အလုပ်သူသိပါတယ်’’ဟုကိုဗက်စ်ကဆက်လက်ပြောသည်။
‘‘ဆာနေးကကျွန်တော်တို့ရဲ့အိပ်မက်ကစားသမားပါ။ဒါကိုလူထုလည်းသိသလိုကျွန်တော်တို့လည်းသိပါတယ်’’ဟုကိုဗက်စ်ကပြောသည်။
ဘိုင်ယန်သည်ရီဘာရီနှင့်ရော်ဘင်ကို၂၀၁၈-၁၉ရာသီကုန်တွင်လက်လွှတ်ခဲ့ရပြီးနောက်တောင်ပံကစားသမားများလိုအပ်နေသည်။
—Ref:Goal